ဒွေးချိုးစပ်နည်း (၁)

ဒွေးချိုးဆိုသည်ကား အခံ သုံးပိုဒ် (သုံးပါဒ) ထား၍ဖြစ်စေ၊ အအုပ်သုံးပိုဒ် (သုံးပါဒ) ဖြစ်စေ၊ အခံလေးပိုဒ် (လေးပါဒ)ဖြစ်စေ အအုပ်လေးပိုဒ် လေးပါဒထားရှိ၍ဖြစ်စေ ကာရန်အချိုးအစား နှစ်ချိုးထားပြီးလျှင် ပြေပြစ်စွာ သီကုံး ရသော တေးတမျိုးကို ဆိုလိုသည်။

ဆိုလိုရင်းမှာ ...
အခံပါဒ သုံးပါဒ
အအုပ်ပါဒ သုံးပါဒ ဖြင့် ကားရန်အချိုးအစား နှစ်ချိုးထား ရေးစပ်ခြင်း

အခံပါဒ လေးပါဒ
အအုပ်ပါဒ လေးပါဒဖြင့်
ကာရန်အချိုးအစား နှစ်ချိုးထား ရေးစပ်ခြင်း တို့ဖြစ်သည်။

ထိုတွင် သုံးပါဒ အခံအအုပ်ထား၍ စီကုံးရေးသားသော ဒွေးချိုးစပ်နည်းကို ဦးစွာ ဖော်ပြမည်။

ရေးစပ်နည်း ဥပဒေမှာ ...

အခံသုံးပါဒအတွက် ...

၁) ပထမပါဒတွင် အက္ခရာသုံးလုံးထားရမည်။

၂) ဒုတိယပါဒတွင် အက္ခရာ ရှစ်လုံးထားရမည်။

၃) တတိယပါဒ အက္ခရာလေးလုံး ထားရမည်။

ဥဒါဟရုဏ် (ပုံစံပြယုဂ်)

၁) ဝေ လွင် “လွင်“

၂) ငွေ သ “ဇင်“ ဟို ပင် “မြင့်“ဆီက

၃) လေ “သင့်“ ရာ မွှေး။

ကာရံ ထားပုံမှာ ...

ပထမအပိုဒ်တွင် အက္ခရာသုံလုံးအနက် တတိယအက္ခရာနှင့်
ဒုတိယအပိုဒ်တွင် အက္ခရာရှစ်လုံးအနက် တတိယအက္ခရာ ကာရံတူရမည်။
ဒုတိယပါဒ ဆဋ္ဌမအက္ခရာနှင့် တတိယအပိုဒ်တွင် အက္ခရာ လေးလုံးအနက် ဒုတိယအက္ခရာတို့သည် ကာရံ တူညီရမည်ဖြစ်သည်။ အဆုံး မွေးဟူသောအက္ခရာမှာ အခံပါဒ အဖြစ်ထားခြင်းဖြစ်သည်။

၁) ဝေ လွင် “လွင်“( တတိယအက္ခရာ၏ ကာရံ)

၂) ငွေ သ “ဇင်“ (တတိယအက္ခရာ၏ ကာရံ) ဟို ပင် “မြင့်“(ဆဋ္ဌမ အက္ခရာ၏ ကာရံ) ဆီက

၃) လေ “သင့်“ ( ဒုတိယ အက္ခရာ“ ကာရံ) ရာ မွှေး။

အချုပ်- လွင်- ဇင်- မြင့်-သင့် တို့ဖြစ်သည်။

အအုပ် သုံးပါဒ ရေးစပ်နည်း

၁) ပထမပါဒတွင် အက္ခရာ ငါးလုံးရှိရမည်။

၂) ဒုတိယပါဒတွင် အက္ခရာ ခုနှစ်-လုံး ရှိရမည်။

၃) တတိယပါဒတွင် အက္ခရာ လေးလုံးရှိရမည်။

ဥဒါဟရုဏ်မှာ ...

၁) သူ့ ခြံ “တွင်း” ပေမို့

၂) လဲ့ “၀င်း“ကို အယူ “ခက်“တယ်

၃) နီး “ရက်”နဲ့ ဝေး။

ကာရံ ထားပုံ ...

ပထမပါဒတွင် တတိယအက္ခရာနှင့် ဒုတိယပါဒ ဒုတိယအက္ခရာ ကာရံ ညီရမည်။
 ဒုတိယပါဒ ဆဋ္ဌမအက္ခရာနှင့် တတိယပါဒ ဒုတိယအက္ခရာတို့ ကာရံ ညီရမည်။
ဝေးဟူသည် အအုပ်ပါဒအဖြစ် အခံပါဒတွင်ပါ၇ှိသော မွှေးနှင့် တူညီအောင် ထားရှိသည်။

အချုပ်-  တွင်း- ၀င်း- ခက်-ရက်တို့ဖြစ်သည်။

ဒွေးချိုး အခံ အအုပ် စုပေါင်းလျှင်

၁) ဝေ လွင် “လွင်“

၂) ငွေ သ “ဇင်“ ဟို ပင် “မြင့်“ဆီက

၃) လေ “သင့်“ ရာ မွှေး  (ပထမ အချိုး)


အအုပ်ပါဒ သုံးပါဒ

၁) သူ့ ခြံ “တွင်း” ပေမို့

၂) လဲ့ “၀င်း“ကို အယူ “ခက်“တယ်

၃) နီး “ရက်”နဲ့ ဝေး။ (ဒုတိယအချိုး)

ဤနှစ်ခုသော အချိုးတို့ကို ဒွေးချိုးဟုခေါ်သည်။

(မှတ်ချက်)  အထက်ပါဒွေးချိုး အခံ အအုပ် သုံးပါဒ နှစ်ချိုဒထား၍ စီကုံးရာ၌ “၀က်နင်း“ကို ရှောင်ရမည်။ “၀က်နင်း“ဆိုသည်မှာ ပထမ အခံပါဒ၏ အဆုံးချအက္ခရာနှင့် ဒုတိယပါဒ အအုပ် အချီအက္ခရာ ကာရံတို့သည် မည်သည့်အခါမျှ ထပ်တူထ်မျှ မကျစေရ။ ထိုကဲ့သို့ အကျော်အနင်းကို ၀က်နင်းဟုဆိုသည်။

No comments:

Post a Comment