သီပေါမင်းနှင့် စုဖုရားလတ်ရှင်းတမ်း

သိင်္ဃတန်ဆောင်၊ ဘုန်းတော်မှောင်၍

ကုန်းဘောင်နေမီး၊ မထိန်ညီးက

တိုင်းကြီးပြည်ကြီး၊ အချည်းနှီးလျှင်

ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည

သုည ခေတ်ဝယ်၊ ဖြစ်လာရပေ

တို့တစ်တွေသည်

သေသော်မှတည့်၊ အော် ကောင်း၏။

(ဆီဘန်နီဆရာတော်)

ထီးသုဉ်း နန်းသုဉ်း တိုင်းပြည်ပါ ကျွန်အဖြစ်ရောက်ရှိခဲ့တဲ့ အတိတ်သမိုင်း။ သေချာ တိကျမသိခင် ကပေါ့။
ကုန်းဘောင်မင်းဆက်ရဲ့နောက်ဆုံး မင်းသီပေါ့ အတော်ညံ့တဲ့မင်းလို့ တဆင့်စကား ကြားဘူးသည်။ မင်းသီပေါရဲ့ မိဖုရား စုဖုရားလတ်ကလည်း ရာဇ၀င် မိန်းမကြမ်းကြီးလို့ သိထားသည်။ စာဖတ်နည်းတဲ့ ကျနော် ကြားဖူးနားဝနဲ့ တကယ်အဟုတ်ထင်ခဲ့။ ကုန်ဘောင်ရှင်းတမ်းနှင့် စုဘုရားလတ်ရှင်းတမ်းစာက အထင်အလွဲတွေကို ဖယ်ရှားပေးသည်။ ဆရာပါရဂူက ဤသို့ ရေးထားသည်။

“ဒုတိယကမ္ဘာစစ် မဖြစ်မီ ၁၉၃၆-ခုနှစ်လောက်တုန်းက နိုင်ငံခြားသား အချို့ရေးသားသည့် မြန်မာရာဇ၀င် အချက်အလက် အချို့နဲ့ပတ်သတ်ပြီး မြန်မာပညာရှင်များ အတော်မကျေမနပ်ဖြစ်ခဲ့ကြသည်။ မစ္စတာနွိုက် ဆိုသူသည် သီပေါမင်းအား ပုတ်ခတ်ရေးသားခဲ့သည်။ ၀တ်လုံတော်ရ (ယခုတရား ၀န်ကြီးချုပ်ဟောင်း) ဦးသိမ်းမောင်က သဘာပတိအဖြစ် ဆောင်ရွက်သော ရန်ကုန်မြို့ လုံးကျွတ် အစည်းအဝေးတွင် ပညာဝန် ဦးဖိုးကျားက နိုင်ငံခြားသားအချို့၏ ရေးသားချက်များကို ပြန်လည်ချေပ ခဲ့သည်။ နိုင်ငံခြားသားများ၏ စွပ်စွဲ ထားသည့်အချက် ပါဝင်သည်။ ထို့ပြင် နိုင်ငံခြားသားအချို့က သီပေါဘုရင်အား ယစ်ထုပ်ဟုလည်း စွပ်စွဲကြသေးသည်“။

စုဖုရားလတ်ရှင်းတမ်းမှာလည်း “ အဆောင်ရမိဖုရား၊ အခန်းရမိဖုရား၊ ကိုယ်လုပ်တော်များကမွေးတဲ့ အစ်ကို ညီတွေက နန်းလုဖို့ ကြံစည်အားထုတ်ကြတာကို မောင်တော်သိပေမဲ့ မကွပ်မျက်ခိုင်းပါဘူး။ အကျယ်ချုပ် နဲ့ထားခိုင်းပါတယ်။ မောင်တော် အမည်ပျက်အောင် ကင်းဝန်က အင်္ဂလိပ်ပယောဂဖြင့် မင်းသားလတ် မင်းသားငယ်တွေကို သတ်ပစ်ခိုင်းတာပါပဲ။ ထိုကိစ္စနဲ့ပတ်သက်ပြီး မောင်တော်က ကင်းဝန်ကို ရာထူးမှ ခဏချထားဖူးပါတယ်။ အဲဒါကို တေးထားပြီး မောင်တော်နဲ့ နိုင်ငံတော်ကို 
အင်္ဂလိပ်ထံ ရေားစားတယ်“ ဟု တွေ့ရသည်။

ထို့နောက် “ယင်းလူသတ်ပွဲအတွက် မည်သူတာဝန်ရှိသည်ဟူသော အချက်နှင့်ပတ်သက်၍မူ ကျွန်ုပ်အသေ အချာမသိပေ။ သို့ရာတွင် ကျွန်ုပ် အတိအကျသည့်အချက်မှာ မင်းပျိုမင်းလွင် သီပေါ ဘုရင်နှင့် သူ့ကြင်ရာ မိဖုရားဖြစ်သည့် လုံမငယ်မှာ ထိုကိစ္စနှင့် ပတ်သက်၍ လုံးဝအပြစ်မရှိဟူသော အချက်ပင်ဖြစ်လေသည်။ သူတို့သည် ကိစ္စအားလုံးပြီးဆုံးသွားသည်အထိ ဘာမှမသိလိုက်ကြရပေ။ သီပေါဘုရင်သည် ကွပ်မျက်ခံခဲ့ ကြရသည့် သူ့ညီတော် နောင်တော်များအတွက် ငိုကြွေးမြည်တမ်းခဲ့ ရှာသည်။ သူကား စိတ်သဘောထား     နူညံ့ပျော့ပျောင်းသော သူငယ်ပင်ဖြစ်သည်“ဟု ဖီးလ ဒင်းဟော (H. Fielding) က မှတ်တမ်းထားခဲ့သည်။

ရှင်းတမ်း မှတ်တမ်းများကို ဖတ်လိုက်ရမှ ကျနော်သည် သမိုင်းတခုရဲ့ အဖြစ်တခု၏ အဖြစ်အမှန်ကို သိလိုက်ရသည်။ ကျနော်လိုပင် သမိုင်းတခု၏ လွဲမှားမှုများရှိခဲ့သော် သိရှိရအောင် အမြည်းမျှ ရေးသား လိုက်ပါသည်။ အုပ်စုံဖတ်ချင်ပါက “စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ“ စာအုပ်နှင့် “ကုန်ဘောင်ရှင်းတမ်း“ စာအုပ်ကို ဖတ်နိုင်ပါသည်။

No comments:

Post a Comment