မြင်းလား -ငန်းလား

စားကျက်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နှင့် ငန်းတကောင် ဆုံမိကြသည်။ ငန်းက မြင်း၏ အမူအရာကို သဘောမကျ။ မထီလေးစား အားမနာသည့် ပုံစံဟု မြင်သည်။ ထို့ကြောင့် ဘဲငန်းတို့ ထုံးစံ စူးစူးဝါးဝါး အသံဖြင့် ဆိုသည်။

ဟေ့ ဒီမှာ ငါက မင်းထက် ပိုကြီးကျယ်ပြည့်စုံတဲ့ အကောင်ပါကွ။ မင်းခန္ဓာကိုယ်ကြီးနဲ့ မင်းလုပ်နိုင်တာ တစ်မျိုးတည်း ရှိတယ်။ ငါက ဟောဒီ မြေကြီးပေါ်မှာ မင်းတို့လို လမ်းလျှောက်ဆိုလဲ ကောင်းကောင်း ကြီး လျှောက်နိုင်တယ်။ ပြီးတော့ ငါ့မှာ ဟောဒီတောင်ပံနှစ်ဖက်ပါတော့ လေထဲ ပျံချင်သပဆို ပျံဝဲလို့ ရတယ်။ ရေအိုင်ချောင်းမြောင်းတွေ့ရင်လဲ အသာဆင်း ရေအေးအေးလေး စိမ်ပြီး ကူးခတ် ဆော့ကစားနိုင် တယ်။ ငါ့မှာ ကောင်ကင်က ငှက်၊ ကုန်ပေါ်က ဆင်၊မြင်း၊ကျွဲ၊နွား သတ္တ၀ါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ရှိတယ်။



သည်စကားကြားတော့ မြင်းက ရယ်သည်။ ဟုတ်ပါ့ဗျား၊ ပြည့်ပြည့်၀၀ မရှိ၊ မစို့မပို့ချည်း ဖြစ်နေတယ် ဆိုးတယ်ဗျာ။ ခင်းဗျား ပျံတယ်ဆိုတာ မနိုင်မနင်း လေးလေးလံလံကြီး၊ မြေပေါ်က ခဏတစ်ဖြုတ် လွတ်တယ်ဆိုတာ ဟိုနား သည်နားလေးလောက် ရောက်တာ။ အဲဒါနဲ့တင် ကိုယ့်ကိုယ်ကို စင်ရောင်တို့၊ လင်းယုန်တို့လို ငှက်စားရင်းသွင်းလို့ ဖြစ်ပါ့မလား။ ရေမှာဆိုရင်လဲ ငြိမ်သက်တဲ့ ကန်ရေပြင်လိုဟာမျိုးမှာ အပေါ်ယံလေး ရှပ်ပြေး ရွေ့ရွေ့သွားနိုင်တာ။ ငါးလို၊ ဖျံလို ကျင်လည်တာမဟုတ်ဘူး။ လှိုင်းတွေလေတွေနဲ့ ဆိုရင် ခင်းဗျားး ထွက်ပြေးမှာ မဟုတ်လား။ မြေကြီးပေါ်မှာ လမ်းလျှောက်တော့ရော။ လူတွေပြောပြောနေ ကြတဲ့ ဘဲသွား သွားတယ်ဆိုတာ ခင်းဗျား တခါမှ မကြားမိဘူးလား။ ခင်းဗျား လမ်းသွားပုံ အချိုးမကျတာ ကိုပြောတာ။ ခြေထောက် ပြားပြားကြီးကို မြှောက်လိုက် ချလိုက်နဲ့ တစ်လှမ်း လှတ်းလို့ ဘယ်လောက်မှ မရောက်ဘူး။ အဲဒီထဲ လည်ပင်းကြီးက ဟိုဆန့် ဒီဆန့်နဲ့ ဘေးလူတွေကို လှမ်းပြီး ရန်ရှာချင်သေးတယ်။
 တွေ့ ရတဲ့လူတွေ အားလုံး စိတ်ညစ်ရတယ်။ ကျုပ်က ခင်းဗျားပြောတဲ့အတိုင်း တစ်မျိုးတည်းသာ စွမ်းတာ မှန်ပါတယ်။ ဒါပေမဲ့ တစ်မျိုးဆို တစ်မျိုးဆိုသလောက် ပြတ်ပြတ်သားသား စွမ်းတယ်။ ကျုပ်က မြေကြီးပေါ် မှာ အရှိအဟုန်နဲ့ ပြေးလွှားဖို့ မွေးဖွားလာတဲ့ သတ္တ၀ါ။ ကျုပ်ခန္ဓာကိုယ်မှာ အပိုဆာဒါး မဖြစ်ညစ်ကျယ် အစိတ်အပိုင်း တစ်ခုမှ မပါဘူး။ ကျုပ်ရဲ့ တောင့်တင်းသန်းမာတဲ့ ကြွက်သားအစိုင်အခဲတွေနဲ့ အချိုးစား ကျနတဲ့ ခြေတံ လက်တံတွေကြည့်လိုက်ရင် ဘယ်လောက် ပြေးအားကောင့်မယ့် သတ္တ၀ါဆိုတာ မြင်နိုင်ပါ တယ်။ ကျုပ် ကြွကြွ ရွရွလေး ခုန်ပေါက် ပြရုံနဲ့တင် ကျုပ်ကိုယ်ထဲမှာ ခွန်အားတွေ ဘယ်လောက်ကြီးမား ကိန်းအောင်နေတယ်ဆို သိနိုင်တယ်။ ကျုပ်က တစ်မျိုးတည်းသမား။ ဒါပေမယ့် ...

အဲဒီတမျိုးမျှာတော့ ထူးထူးချွန်ချွန် ပေါက်ပေါက် မြောက်မြောက် ထိပ်ဆုံးရောက်တဲ့သူ။ ခင်းဗျားလို ဟိုစပ်စပ် သည်စပ်စပ် တတ်သလိုနဲ့ တကယ်တမ်းကျတော့ ဘယ်နယ်မှာမှ အသုံးမကျ အရာမ၀င်တဲ့ ဘဲငန်းမျိုးတော့ မဟုတ်ဘူး။ မြင်းက ဒေါနှင့် မောနှင့် ဆိုလေသည်။

မှန်သည်။ တချို့လူတွေသည် ဟိုစပ်စပ် သည်စပ်စပ် ဘာမဆို နည်းနည်းစီ တတ်ကြသည်။ သို့သော် ဘယ်ကဏ္ဍတခုတွင်မျှ တကယ် မကျွမ်းကျင်။ သည်လူတွေသည် အမှတ်မဲ့ ကြည့်လျှင် လူ့အသိုင်းဝိုင်းထဲတွင် အရာဝင်သလိုဖြင့် စစ်စစ် နေရာတကာ ရောယောင်နောက်လိုက်အဖြစ်နှင့် ပါဝင်နေကြခြင်းသာ ဖြစ်သည်။ ဦးစီးဦဆောင်ပြုနိုင်သူ၊ အောင်မြင်သူများကား မဟုတ်ကြချေ။


(ဆရာဖေမြင့်၏ Genius စာအုပ်မှ)

No comments:

Post a Comment